သက်မွေးပညာကျွမ်းကျင်မှု ဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင် (Professional Training Kitchen) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ၂၅.၁.၂၀၂၀ မွန်းလွဲ ၃ နာရီတွင် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်) ပင်မဆောင် စုဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန် ဇန်နဝါရီ ၂၅ ရက်
ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာနနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် Swiss Agency for Development and Cooperation (SDC) တို့ ပူးပေါင်း၍ အစိုးရ စက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ဖွင့်လှစ်ထားသည့် သက်မွေး ပညာကျွမ်းကျင်မှုဆိုင်ရာလေ့ကျင့်ရေး စားဖိုဆောင် (Professional Training Kitchen) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဉီးတင်မောင်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr.Tim Enderlin ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီနှင့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေး အာမခံမှု အကဲဖြတ်ရေးကော်မတီတို့မှ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ Swiss Contact မှ Myanmar and Asia Director ဖြစ်သူ Mr. Manish Pandey နှင့် Team Leader ဖြစ်သူ Ms.Sabine Roth၊ ပညာရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ရန်ကုန်မြို့ရှိ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ဆရာမများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဉီးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် ဆွစ်ဇာလန်နိုင်ငံအစိုးရအနေဖြင့် ဆွစ်ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Swiss Agency for Development and Cooperation (SDC) မှတဆင့် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)တွင် သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး (၁၈)လကြာ လုပ်ငန်းခွင် နှင့် သက်မွေးပညာသင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု (Dual Apprenticeship) တို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခု သက်မွေးပညာကျွမ်းကျင်မှုဆိုင်ရာလေ့ကျင့်ရေးစားဖိုဆောင်(Professional Training Kitchen) သည် လက်ရှိကျင်းပနေသည့် လက်တွေ့ကျွမ်းကျင်မှုပြိုင်ပွဲများအတွက် ပြိုင်ပွဲခန်းမ အဖြစ် အသုံးပြုလျက်ရှိသည့်အပြင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လတွင် စင်္ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ASEAN Worldskills Competition အတွက် Cooking and Restaurant Service ပညာရပ်များဆိုင်ရာ ပြိုင်ပွဲဝင် များအား လေ့ကျင့်သင်ကြားပေးသည့် သင်တန်းဆောင်လည်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဝန်ကြီး ဌာန၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့ အစည်း (SDC)နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပါဝင်သည့် ကနဦး သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ချက်သည် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) တွင် ချမှတ် ထားသည့် ပညာရေးဝန်ကြီး ဌာန၏ အဓိကဉီးစားပေး လုပ်ငန်းစဉ်များနှင့်အညီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း လုပ်သားဈေးကွက်တွင် ဝင်ရောက်နိုင်မည့် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးနိုင်ရန်အတွက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ၏ အန်း ကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ကာလတိုသက်မွေး ပညာသင်တန်းများသည် စက်ရုံများအတွက် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများမွေးထုတ်ပေးနိုင်ရေးအတွက် အရေးပါသကဲ့သို့ ကာလရှည် သင်တန်း များသည်လည်း Technical and Soft Skills များ ပြည့်ဝသည့် Advanced Skilled လုပ်သားများ မွေးထုတ် ပေးနိုင်ရေးအတွက် အရေးကြီးပါကြောင်း၊ ယခု အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)ရှိ သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေး စားဖိုဆောင် (Professional Training Kitchen)သည် အချက်အပြုတ် သက်မွေးပညာဆိုင်ရာ ကာလတို၊ ကာလရှည်သင်တန်းများအတွက် ဖွင့်လှစ်သင်ကြားပေးနိုင်ပါကြောင်း၊ လုပ်ငန်းခွင်နှင့်သက်မွေးပညာ သင်တန်းကျောင်း ပေါင်းစပ်သင်ကြားမှု(Dual Apprenticeship)၏ ရေရှည်အောင်မြင်မှုသည် သင်တန်းထောက်ပံ့ပေးသူများ၊ သင်တန်းပေး သည့် ဆရာများနှင့် လုပ်ငန်းရှင်များ၏ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင် မူတည်နေခြင်းကြောင့် လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr.Tim Enderlin က အမှာစကားပြောကြား၍ Swiss Contact မှ Team Leader ဖြစ်သူ Ms.Sabine Roth က အသက် မွေးဝမ်းကျောင်းကျွမ်းကျင်မှုအတတ်ပညာ အစီအစဉ်အကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး Mr.Tim Enderlin၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အင်းစိန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် Swiss Contact မှ Myanmar and Asia Director ဖြစ်သူ Mr. Manish Pandey တို့က သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင် (Professional Training Kitchen) အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာသူများက သက်မွေးပညာ ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်ရေးစားဖိုဆောင် (Professional Training Kitchen) အတွင်း အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲအတွက် Cooking and Restaurant Service ပြိုင်ပွဲဝင် နေသူများကို အားပေးကြည့်ရှုခဲ့သည်။
Credit-Educational Information Department Facebook Page
[Best_Wordpress_Gallery id=”8″ gal_title=”Professional Training Kitchen Opening Ceremory”]